မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်အတွက် ပေးသွင်းရတဲ့ အာမခံကြေးတွေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်တွေ၊ မြေယာမဲ့နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို လုပ်ပိုင်ခွင့်နဲ့ အသုံး ပြုခွင့်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြေတွေမှာ လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့်ရရှိသူက လုပ်ငန်းအမျိုးအစားအလိုက် အာမခံကြေးပေးသွင်း ရမှာပါ။စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ရေးလုပ်ငန်းနဲ့ အစိုးရ ခွင့်ပြုထားတဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ အခြားလုပ်ငန်း စုစုပေါင်း အမျိုးအစား လေးမျိုးအတွက် လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့် ပေးထားတာ ဖြစ် ပါတယ်။အခု ပြင်ဆင်သတ်မှတ်ချက်အရ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေဧက ၅၀ အောက်ဆိုရင် တစ်ဧကကို ကျပ် ငါးထောင်၊ မြေဧက ၅၀ အထက်ဆိုရင် တစ်ဧကကို ကျပ် ငါးသောင်းနှုန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။အလားတူ မွေးမြူရေးလုပ်ငန်းအတွက် တစ်ဧကကို ကျပ် ငါးသောင်းနှုန်း ပေးသွင်းရမှာဖြစ်ပြီး ဓာတ်သတ္တု ရှာဖွေတာ၊ စမ်းသပ်တာ၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာတာနဲ့ ထုတ်လုပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မြေ အသုံးပြုခွင့်ကို ခွင့်ပြုတာအတွက် တစ်ဧကကို ကျပ် တစ်သောင်းနှုန်း ပေးသွင်းရမှာပါ။

အစိုးရခွင့်ပြုထားတဲ့ ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ စည်ပင်သာယာရေးအဖွဲ့၊ သာသနာရေးနဲ့ အစိုးရ ဌာနဆိုင်ရာတွေ အသုံးပြုမယ့်လုပ်ငန်းတွေမှာ မြေတစ်ဧကကို ကျပ် သုံးသောင်းနှုန်း၊ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့ အစည်းတွေ အသုံးပြုမယ့်လုပ်ငန်းတွေအတွက် တစ်ဧကကို ကျပ် ငါးသောင်းနှုန်း ပေးသွင်း ရမှာဖြစ်ပါတယ်။လက်ရှိမှာ မြေလွတ် ၊ မြေလပ်နဲ့ မြေရိုင်းတွေ လုပ်ကိုင်ခွင့်နဲ့ အသုံးပြုခွင့်ရရှိထားတဲ့ ဧကပေါင်း ၁၁ သိန်း ၅ သောင်း ကျော်ရှိတယ်လို့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။