မိတ္ထီလာခရိုင်မှာ စိုက်ပျိုးမြေရဲ့ ၁၀ရာခိုင်နှုန်းကျော်ကိုသာ စိုက်ပျိုးရေပေးနိုင်တာကို ကြားသိရတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ဇန်နဝါရီ ၁၀ ရက်က မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတွေ၊ MSME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အခုလို ပြောကြားလိုက်တာပါ။

စိုက်ပျိုးရေရရှိဖို့ အခက်အခဲတွေရှိမှာဖြစ်ပေမယ့် နည်းလမ်းရှာပြီး လုပ်မယ်ဆိုရင်တော့ အောင်မြင်နိုင်မှာဖြစ်တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် မိတ္ထီလာခရိုင်မှာ စိုက်ပျိုးမြေတွေ ကောင်းမွန်မှု မရှိတာကြောင့် အထွက်နှုန်းနည်းရတယ် လို့ သိရှိရပြီး လိုအပ်တဲ့ သွင်းအားစုတွေကို ပြည့်မီအောင်ထည့်သွင်းတာ၊ ပိုက်ဆံလျှော်စိုက်ပျိုးတာ၊ သဘာဝ မြေဩဇာတွေ ထည့်သွင်းတာ အပါအဝင် နည်းလမ်းရှာဖွေပြီး မြေဆီမြေလွှာ ကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

မိတ္ထီလာမြို့နယ်အတွင်းမှာ အသားတင်စိုက်ပျိုးမြေဧရိယာ ဧကပေါင်း ၁၄၃၀၀၀ ကျော်၊ လှပ်ထားမြေဧရိယာ ၇၈၁၅ ဧကနဲ့ စိုက်ပျိုးလို့မရတဲ့ မြေဧရိယာ ဧက ၁၄၂၀၀၀ ကျော် ရှိတယ်လို့ မိတ္ထီလာမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။စိုက်ပျိုးမြေတွေကို ရေပေးဝေဖို့အတွက် ကိုယ့်အားကိုယ်ကိုး ရေလွှဲဆည် ၁၀ ခု၊ ရေလှောင်ကန် ၉၁ ကန်ရှိပြီး မြစ်ရေတင်စီမံကိန်းတွေ၊ တာတမံ/ရေထိန်းတံခါးတွေ မရှိဘူးလို့ အချက်အလက်တွေအရ သိရပါတယ်။