မကွေးမြို့ နှမ်းဈေးကွက်အတွင်းမှာ နှမ်းဖြူဈေးကျဆင်းနေသလို အရောင်းအဝယ်လည်း အေးနေတယ်လို့ မကွေးကုန်စည်ဒိုင်ကနေသိရပါတယ်။ လက်ရှိမှာတော့ မကွေးမြို့နယ်အတွင်း မိုးနှမ်းတွေလှိုင်လှိုင်ပေါ်နေချိန်ဖြစ်ပေမယ့် ဈေးကွက်နဲ့ အရောင်းအဝယ်အခြေအနေအေးနေပြီး ပြည်တွင်းမှာတော့ ရန်ကုန်ဘက်ကပဲ ဝယ်ယူမှုရှိနေတယ်လို့မကွေးမြို့ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းကပြောပါတယ်။
မကွေးမြို့ နှမ်းဈေးကွက်မှာ မိုးနှမ်းတွေစတင်ထွက်ရှိခဲ့တဲ့ ဩဂုတ်လတတိယပတ်လောက်မှာ နှမ်းဖြူထိပ်စတစ်တင်းကို ကျပ်တစ်သိန်းခွဲကျော်ဈေးရှိခဲ့ပြီး အခုစက်တင်ဘာလဆန်းပိုင်းမှာတော့ နှမ်းဖြူတစ်တင်းကို ကျပ်တစ်သိန်းသုံးသောင်းခွဲ ဝန်းကျင်သာ ရှိတော့တယ်လို့သိရပါတယ်။
အခုနှစ် မိုးနှမ်းစိုက်ပျိုးရာသီမှာ စိုက်ပျိုးမှုနည်းတဲ့ စမုံနှမ်းနက်ကတော့ တစ်တင်းကို ကျပ်နှစ်သိန်းကျော် ဈေးရှိပြီး အရောင်းအဝယ်လည်း သွက်တယ်လို့သိရပါတယ်။