နိုင်ငံခြားကမှာယူတင်သွင်းနေရတဲ့ စားအုန်းဆီ၊ ချည်နဲ့ချည်ထွက်ပစ္စည်း၊ အဝတ်အထည်တွေ တင်သွင်းမှုကို လျှော့ချပြီး နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတွေ တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မတ်လ(၂)ရက်နေ့မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့သဝဏ်လွှာမှာ ထည့်သွင်းပြော ကြားခဲ့တာပါ။
ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍတွေဖြစ်တဲ့ ဝါသီးနှံနဲ့ မြေပဲ၊ နှမ်း၊ နေကြာ စတဲ့သီးနှံတွေကို စီမံကိန်းလျာထားတဲ့ အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေးနဲ့ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆို ပါတယ်။ ဒါ့အပြင် ဝါအခြေခံစက်မှုလုပ်ငန်းတွေဖြစ်တဲ့ ဝါကြိတ်စက်တွေ၊ ချည်မျှင်နဲ့အထည်စက်ရုံတွေကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေ တိုးတက်စေဖို့ လုပ်ဆောင် နေတယ်လို့လည်း ပြောပါတယ်။

ပြည်တွင်းအဝတ်အထည် လိုအပ်ချက်ကို ပြည်တွင်းထွက်ဝါတွေနဲ့လုံလောက်စွာ ထုတ်လုပ်ပြီး ပြည်သူတွေအနေနဲ့ ပြည်တွင်းဖြစ်အဝတ်အထည်တွေကို အလေးထားအသုံးပြုဖို့ ပြောကြားထားပါတယ်။စိုက်ပျိုးရေးသီးနှံတွေ အောင်မြင်ဖြစ်ထွန်းနိုင်ဖို့ နိုင်ငံအနှံ့မှာ ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ ရေတင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း ၈၈၀ ခုနဲ့ဆောင်ရွက်နေပြီး လက်ရှိမှာ စိုက်ပျိုးသီးနှံဧက ၃၁ သိန်းကျော်ကို အကျိုးပြုနေတယ်လို့ သဝဏ်လွှာမှာ ပါရှိပါတယ်။