မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ဆန်နဲ့ပဲတွေဟာ ဈေးကွက်ရရှိပြီးဖြစ်တဲ့အတွက် အရည်အသွေးပိုကောင်းတဲ့ ဆန်နဲ့ပဲတွေ တင်ပို့ရမှာဖြစ်သလို ဂုဏ်သတင်းရှိပြီးဖြစ်တဲ့ ပေါ်ဆန်းမွှေးဆန်ကို ရောင်းအားမြှင့်တင်ဖို့လိုအပ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဇန်နဝါရီ၁၇ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာပါ။ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်ဖို့အတွက် မိမိတို့နိုင်ငံကထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေဟာ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ဖို့နဲ့ ဈေးကွက်လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်ဖြစ်ဖို့လိုအပ်တာကြောင့် ဈေးကွက်သုတေသနကို မပြတ်ဆောင်ရွက်ဖို့နဲ့ ထုတ်ကုန်တွေ ဈေးကွက်ခိုင်မာမှုရရှိရေးအတွက်လည်း ဆောင်ရွက်နေရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
အခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလကုန်အထိ ၉လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲတန်ချိန် ၂သန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၉၄၈သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။