ပြည်တွင်းမှာ ပိုးသတ်ဆေးထုတ်လုပ်မှုအားနည်းနေတဲ့အတွက် ပိုးသတ်ဆေးဥပဒေနဲ့အညီ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု(FDI)တွေကို ဖိတ်ခေါ်ရမှာဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းကပြောပါတယ်။
ဩဂုတ် ၁၅ ရက်က ပြုလုပ်တဲ့ ပိုးသတ်ဆေးနည်းပညာကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာရဲတင့်ထွန်းက အခုလိုပြောကြားခဲ့တာပါ။ ပြည်တွင်းမှာထုတ်လုပ်တဲ့ ပိုးသတ်ဆေးတွေဟာ ပြည်ပကနေကုန်ကြမ်းတင်သွင်းရတဲ့အတွက် ကုန်ကြမ်းတွေကိုလည်း အရည်အသွေး မှန်၊ မမှန် ဓာတ်ခွဲနိုင်ဖို့ ဓာတ်ခွဲခန်းတွေကို အဆင့်မြှင့်တင်ဆောင်ရွက်ကြဖို့ လိုတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်မူဝါဒအရ ဓာတုပိုးသတ်ဆေးသုံးစွဲမှုလျှော့ချပြီး သဘာဝပိုးသတ်ဆေးတွေ သုံးစွဲနိုင်ဖို့ကိုလည်းနည်းပညာပေးဖို့ ဆောင်ရွက်ရမယ်လို့ ဒေါက်တာရဲတင့်ထွန်းကပြောပါတယ်။ လက်ရှိမှာ ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့အနေနဲ့ ပိုးသတ်ဆေးမှတ်ပုံတင်စုစုပေါင်း ၄၂၃၇ ခုကို ခွင့်ပြုပေးခဲ့ပြီး အခုအစည်းအဝေးမှာ နောက်ထပ် ပိုးသတ်ဆေးအမျိုးအစား ၉၃ မျိုးကို ခွင့်ပြုပေးဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။