မြန်မာ့ပဲစင်းငုံကို အရေအတွက် ကန့်သတ်ချက် မရှိဘဲ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားတဲ့ မူဝါဒကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။ အိန္ဒိယပြည်တွင်းမှာ ဝယ်လိုအား ဆက်လက် မြင့်မားနိုင်မှုနဲ့ ဈေးနှုန်း ထိန်းသိမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေအရ ပဲစင်းငုံနဲ့ မတ်ပဲကို အရေအတွက် ကန့်သတ်ချက် မရှိဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို အခုနှစ် မတ်လကုန်အထိ သတ်မှတ်ပေးထားတာပါ။

အိန္ဒိယအစိုးရက ထုတ်ပြန်လာတဲ့မူဝါဒမှာ ပဲစင်းငုံအတွက်သာပါပြီး မတ်ပဲအတွက် မပါသေးပေမယ့် မူဝါဒ သက်တမ်း မပြည့်ခင်ကာလမှာ မတ်ပဲအတွက်ပါ ထပ်မံထုတ်ပြန်ပေးနိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းရဲ့အကြံပေး ဦးစိုးဝင်းမောင်က သုံးသပ်ပြောကြားပါတယ်။ အိန္ဒိယအစိုးရက ကန့်သတ်တင်သွင်းခွင့်ပြုတဲ့ ကုန်စည်အဖြစ် အရင်က သတ်မှတ်ထားခဲ့တဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီ စိမ်းတို့ကို ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်ကစပြီး လွတ်လပ်စွာ တင်သွင်းခွင့်ရှိတဲ့ကုန်စည်အဖြစ် ကာလ အပိုင်းအခြား သတ်မှတ်ချက်နဲ့ ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အိန္ဒိယနိုင်ငံရဲ့ ပဲ အဓိက စိုက်ပျိုး ထုတ်လုပ်တဲ့ ပြည်နယ်တွေမှာ မိုးရေချိန် လျော့နည်းရရှိလို့ ပဲမျိုးစုံ ထုတ်လုပ်မှု ကျဆင်းခဲ့တာကြောင့် နောက်ပိုင်းနှစ်တွေမှာ အိန္ဒိယ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ပြီး ဆက်လက် သက်တမ်း တိုးမြှင့်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။