ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းက မတ်ပဲစိုက်ခင်းတွေမှာ လှေပိုး၊ မှိုပိုး စတဲ့ ပိုးမွှားတွေ အကျများနေတယ်လို့ မတ်ပဲစိုက်တောင်သူ အချို့ဆီကနေသိရပါတယ်။ သွင်းအားစုစရိတ်တွေအပါအဝင် ထွန်ယက်ခနဲ့ အထွေထွေ ကုန်ကျစရိတ်တွေ မြင့်တက်နေချိန်မှာ အခုလို စိုက်ခင်းတွေ ပိုးကျတာဟာ ပဲစိုက်တောင်သူတွေအတွက် အခက်အခဲတွေ့စေလို့ ဆိုပါတယ်။

မတ်ပဲပေါ်ချိန်မှာ တစ်တင်းကို ကျပ် ၁ သိန်းကျော်လောက် ရရှိမှသာ တောင်သူတွေအတွက် အရှုံးမရှိနိုင်ဘဲ အကျိုး အမြတ် ကျန်နိုင်လို့ လက်ပံတန်းမြို့နယ်က မတ်ပဲစိုက်တောင်သူ ဦးမြအောင်က ပြောပါတယ်။ မတ်ပဲစိုက်ပျိုးချိန်ကနေ ရိတ်သိမ်းပြီးအထိဆိုရင် တစ်ဧကကို ၅ သိန်းကနေ ၇ သိန်းဝန်းကျင်လောက်အထိ ကုန်ကျ ပါတယ်။

မတ်ပဲကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တွေမှာ အများဆုံးစိုက်ပျိုးကြပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။မတ်ပဲဟာ ပြည်ပကိုတင်ပို့တဲ့ပဲမျိုးစုံထဲမှာ ပမာဏအများဆုံးဖြစ်ပြီး အခုဘဏ္ဍာနှစ် ဇူလိုင် ၁၉ ရက်အထိ ပြည်ပကို တန်ချိန်သုံးသိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈၇ သန်းကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။