မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံဒေသအတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၅၈၆၁ ဧက ရှိတဲ့နယ်မြေကို တောင်ပင်လယ်ဆည် ကြိုးပြင်ကာကွယ်တောအဖြစ် ဇန်နဝါရီလ ၂ ရက်ကစပြီး သတ်မှတ်လိုက် တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ပါ တယ်။ ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့သစ်တောဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
အပူပိုင်းဒေသဖြစ်တဲ့ မြင်းခြံမြို့နဲ့ ပတ်ဝန်းကျင်ဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှု ကာကွယ်ဖို့၊ ရာသီဥတု သာယာမျှတပြီး စိမ်းလန်းစိုပြည်လှပနေဖို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ နည်းသက်သာစေဖို့၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေဖို့၊ မြေဆီလွှာတိုက်စားမှုတွေ တားဆီးကာကွယ်ဖို့နဲ့ သဘာဝ ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို သတ်မှတ်တာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ လယ်ယာသုံး သစ်တောထွက်ပစ္စည်းတွေ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ဖို့၊ ရေဝေရေလဲဒေသတွေနဲ့ အပူပိုင်းဒေသတွေ ထိန်းသိန်းဖို့အတွက်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အခုလို ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်တာကြောင့် ဧရိယာအတွင်း ပေါက်ရောက်နေတဲ့ အပူပိုင်းဒေသရဲ့ ဒေသမျိုးရင်း သစ်မျိုးတွေကို ထိန်းသိန်းနိုင်မှာဖြစ်သလို ဒေသခံပြည်သူတွေအတွက် လယ်ယာလုပ်ငန်းသုံးနဲ့ အခြားအပူပိုင်းထွက် သစ်တောထွက်ပစ္စည်းတွေ ပိုမိုရရှိနိုင်တာ၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက် အကူပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်တာ၊ ရေနဲ့လေတိုက်စားမှုတွေကနေ တားဆီးကာကွယ်နိုင်တာ၊ မြေဆီလွှာ ထိန်းသိန်းရေးလုပ်ငန်းတွေနဲ့ မြေအောက်ရေထိန်းသိမ်းနိုင်တာ၊ သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတု ပိုမို ကောင်းမွန်လာနိုင်တာတွေ စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။