မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၁၉၀၅ ဧကရှိတဲ့နယ်မြေကို “တုရင်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး သတ်မှတ်လိုက် တယ်လို့ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ပါ တယ်။ အပူပိုင်းဒေသဖြစ်တဲ့ ပုဂံညောင်ဦးဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ် ဖို့၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေဖို့ ရည်ရွယ်ပြီး အခုလို သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေဆီလွှာပိုမိုကောင်းမွန်လာစေဖို့၊ မြေဆီလွှာတိုက်စားမှုတွေ တားဆီးကာကွယ်ဖို့၊ သဘာဝဘေး အန္တရာယ်တွေကနေ အကာအကွယ်ပေးနိုင်ဖို့၊ ဒေသခံပြည်သူတွေရဲ့လယ်ယာသုံး သစ်တောထွက်ပစ္စည်းတွေ စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ဖို့နဲ့ အပူပိုင်းသစ်တောတွေ ထိန်းသိမ်းဖို့အတွက်လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။ အခုလို ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်တာကြောင့် ဧရိယာအတွင်း ပေါက်ရောက်နေတဲ့ ဒေသမျိုးရင်း သစ်မျိုးတွေဖြစ်တဲ့ ဖျောက်ဆိတ်၊ ရင်းမာ၊ ထနောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ် စတဲ့ သစ်မျိုးတွေကို ထိန်းသိမ်း နိုင်တာ၊ ဒေသခံပြည်သူတွေအတွက် လယ်ယာလုပ်ငန်းသုံးနဲ့ အခြားအပူပိုင်းဒေသထွက် သစ်တောထွက်ပစ္စည်း တွေ ပိုမိုရရှိနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တုရင်တောင်ဘုရား ဖူးမြော်ကြည်ညိုဖို့ လာရောက်သူတွေအတွက် အရိပ်နဲ့နားခိုရာနေရာတွေ တိုးပွား လာစေနိုင်တာ၊ ခါ၊ ချိုး(ဂျိုး)၊ တောကြောင်၊ ယုန် စတဲ့ တိရစ္ဆာန်တွေရဲ့ နေထိုင်ကျက်စားရာဒေသနဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေ ထိန်းသိမ်းနိုင်တာ၊ သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေတာ၊ မြေဆီလွှာတိုးတက်ပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။