ဒေသခံစားသုံးသူတွေက လတ်ဆတ်ပြီး သဘာဝအတိုင်း ရင့်မှည့်တဲ့ အသီးအနှံတွေကို ပိုသဘောကျ လာတာကြောင့် မလေးရှား ဒူးရင်းသီးတင်ပို့သူတွေအနေနဲ့ ဒီနှစ်မှာ တရုတ်ရဲ့ ဈေးကွက်အများစုကို ရယူထားနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ခူးပြီး ၄၈ နာရီအတွင်း တရုတ်နိုင်ငံကိုလေကြောင်းနဲ့ တင်ပို့ လာတဲ့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသီးတွေက တရုတ်လူကုံထံစားသုံးသူတွေရဲ့ သဘောကျနှစ်ခြိုက်မှု ရနေတယ်လို့ အသီးအနှံဖြန့်ချိရေးကုမ္ပဏီတစ်ခုမှာ လက်ထောက် မာကတ်တင်းဒါရိုက်တာအဖြစ် လုပ်ကိုင်နေသူတစ်ယောက်က ပြောပါတယ်။ပြီးခဲ့တဲ့နှစ် လေးလအတွင်းက မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို အမေရိကန် ဒေါ်လာ ၅ သန်းခွဲ တန်ကြေးရှိတဲ့ ဒူးရင်းသီးတွေ တင်ပို့ခဲ့ပါတယ်။ လက်ရှိမှာ မလေးရှားအနေနဲ့ တရုတ်ကို ဒူးရင်းသီး အဓိကတင်ပို့နေတဲ့ ထိုင်းနဲ့ ဗီယက်နမ် နှစ်နိုင်ငံကို ပြိုင်ဆိုင်သွားဖို့ရှိနေပြီး ဒီနှစ်မှာ တင်ပို့မှုပမာဏ ၂၀-၂၅ ရာခိုင်နှုန်းတိုးပြီး တင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။

မလေးရှား ဒူးရင်းသီးတွေက သဘာဝအတိုင်း မှည့်အောင်ထားပြီး အပင်ပေါ်ကကြွေကျမှ ကောက်ယူတာ ဖြစ်ပါတယ်။ ဒူးရင်းသီးတွေကို မမှည့်ခင်ကတည်းကခူးတဲ့ ထိုင်းနဲ့ ဗီယက်နမ်နဲ့ယှဉ်ရင်တော့ မလေးရှား ဒူးရင်းသီးက အားသာချက်တစ်ခုအဖြစ် ယူဆလို့ ရနေတာဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်သမ္မတရှီကျင့်ဖျင် မလေးရှားကို လာရောက်သွားရောက်တာကြောင့် အလားအလာကောင်းတွေ ရှိမယ်လို့ ပို့ကုန်သမားတွေကတော့ ခန့်မှန်းနေကြပါတယ်။