တရုတ်ကို နယ်စပ်ကနေ မြန်မာ့စိန်တလုံးသရက်သီးတွေ စတင်တင်ပိုနေပြီဖြစ်ပြီး တရုတ်ဈေးကွက်ထဲမှာ ဈေး ကောင်းမရဖြစ်နေတယ်လို နယ်စပ်သစ်သီးဝလံကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိမှာ စိန်တလုံးသရက်သီးတွေကို ကျိုင်းတုံ-မိုင်းလား-တာလော့ လမ်းကြောင်းကနေ တင်ပိုနေတာ ဖြစ်ပါတယ်။
ဒီလိုတင်ပိုရာမှာ လမ်းခရီးကြန့်ကြာတာအပြင် ကုန်ကျစရိတ်များပြီး ဈေးကွက်အနေအထားကြောင့် ဈေးကောင်းမရတာ ဖြစ်တယ်လို သိရပါတယ်။

တရုတ်နိုင်ငံ တာလော့ဈေးကွက်ထဲကို သရက်သီးကား ၂ စီး ၃ စီး လောက် ဆုံပြီးဝင်တဲ့အခါမှာ ဈေးကျတတ်တယ်လို နယ်စပ်ကုန်သည်တချိုက ပြောပါတယ်။

အခုနှစ်မှာ သရက်သီးအထွက်နှုန်းက လျော့ကျသလို ပြည်တွင်းပြည်ပ ဝယ်လိုအားကလည်း ၅၀ ရာခိုင် နှုန်းကျော် လောက်ကျနေတယ်လို သိရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ သရက်သီးတစ်ခြင်းကို ကျပ် ၅၀၀၀၀ ကနေ ၆၀၀၀၀ လောက်ရရှိပေမယ့် တာလော့ဈေးကွက်မှာ အဲဒီပေါက်ဈေးမျိုးမရဖြစ်နေတယ်လို သစ်သီးပွဲရုံတချိုဆီက သိရပါတယ်။
နှစ်စဉ် ဧပြီလအတွင်းမှာ သရက်သီးတွေ စတင်ထွက်ပေါပြီး အရင်နှစ်တွေက တရုတ်နိုင်ငံကို မူဆယ်နယ်စပ်လမ်းကြောင်းကနေ တန်ချိန်သောင်းနဲ့ချီ တင်ပိုခဲ့တာ ဖြစ်ပါတယ်။