အခုဇူလိုင်လအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က သတ်မှတ် ထုတ်ပြန်ရာမှာ ပေါ်ဆန်းနဲ့ တခြား ဆန်အုပ်စုတွေကို ထုတ်ပြန်ထားပါတယ်။
ရည်ညွှန်း သတ်မှတ်ဈေးတွေကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ်ခြောက် သောင်း ကိုးထောင်ကနေ ကျပ်တစ်သိန်း လေးသောင်းခွဲအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေထဲက ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ ထွန်းပု စတဲ့ ဆန် အမျိုးအစားတွေကိုတော့ တစ်အိတ်ကို ကျပ်ခြောက်သောင်း ကိုးထောင်ကနေ ကျပ်ရှစ်သောင်း ရှစ်ထောင်ကြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်အုပ်စုတွေဖြစ်တဲ့ ရက် ၉၀၊ မနောသုခ၊ ဇီယာ၊ ငွေတိုး စတဲ့ ဆန်အမျိုးအစားတွေကိုတော့ တစ်အိတ်ကို ကျပ်ရှစ်သောင်းကနေ ကျပ်ကိုးသောင်းထိ သတ်မှတ်ထားပါတယ်။

ဧရာမင်း၊ အညာသား၊ ပခန်း၊ မှော်ဘီ၊ လုံးသွယ်မွှေး စတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ် ကိုး သောင်းကနေ ကျပ်တစ်သိန်းအထိ ၊ အရည်အသွေး အထူးကောင်းမွန်တဲ့ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန် အမျိုးအစားတွေကိုတော့ တစ်အိတ်ကို ကျပ်တစ်သိန်း နှစ်သောင်းကနေ ကျပ်တစ်သိန်း သုံးသောင်းထိ သတ်မှတ် ထားပါတယ်။ ပေါ်ဆန်းအုပ်စုတွေကိုလည်း ဆန်အတန်းအစားအလိုက် တစ်အိတ်ကို အနိမ့်ဆုံး ကျပ်ကိုးသောင်း ခွဲကနေ အမြင့်ဆုံး ကျပ်တစ်သိန်း လေးသောင်းခွဲအထိ သတ်မှတ်ထားပါတယ်။
အခုထုတ်ပြန်တဲ့ ဆန်ဈေးနှုန်းတွေကို ဈေးကွက်အတွင်း ရောင်းချရာမှာ သင့်တင့်မျှတတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုပြီး ရောင်းချခြင်း မပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဈေးအရောင်းစင်တာ (Super Market၊ Mini Market) တွေမှာ Consumer Packaging နဲ့ ရောင်းချမှု အတွက် ရွှေဘိုပေါ်ဆန်း တစ်ကီလိုဂရမ် ကျပ် ၃၅၀၀ ကနေ ကျပ် ၃၈၀၀ အတွင်း၊ ဧရာဝတီပေါ်ဆန်း တစ်ကီလို ဂရမ် ကျပ် ၃၀၀၀ ကနေ ကျပ် ၃၃၀၀ အတွင်း၊ ရက်(၉၀) / အထူးဧည့်မထ တစ်ကီလိုဂရမ် ကျပ် ၂၂၀၀ ကနေ ကျပ် ၂၅၀၀ အတွင်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
