ဆီထွက်သီးနှံတွေကနေ ဆီထုတ်လုပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လိုအပ်ချက်တွေရှိရင်လည်း နိုင်ငံတော်ကနေရန်ပုံငွေတွေ ထပ်မံထုတ်ပေးသွားမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဩဂုတ် ၆ ရက်ကကျင်းပတဲ့ သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲမှာပြောကြားခဲ့တာပါ။ ဝါစေ့ကနေ ဆီထုတ်လုပ်တာနဲ့ ဆီထွက်သီးနှံတွေကနေ ဆီထုတ်လုပ်တဲ့လုပ်ငန်းတွေဆောင်ရွက်ရာမှာ အရည်အသွေးကောင်းမွန်တဲ့ဆီတွေ ရရှိစေရေးအတွက် အရည်အသွေးကောင်းမွန်တဲ့ ဆီကြိတ်စက်တွေနဲ့ ကြိတ်ခွဲနိုင်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဆီထွက်သီးနှံနဲ့ ဝါစိုက်ပျိုးရေးတွေကနေ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မိမိတို့နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဝါကို အခြေခံတဲ့စက်မှုလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲဆောင် ရွက်မှုနဲ့ တစ်ခေတ်ပြောင်းဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။