ဒေသတစ်ခုကနေ နောက်ဒေသတစ်ခုကို ဆန် အဝင်အထွက်ဆောင်ရွက်ရာမှာ သတင်းပို့စနစ် နဲ့ ဆောင် ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၉)ရက်က မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမီတက်(MAPCO )ရုံးမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက တာဝန် ရှိသူတွေ၊ ဆန်ပွဲရုံတွေ၊ ဆန်လက်လီဆိုင်တွေနဲ့ ဆန်အကျိူးဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။အဲဒီအစည်းအဝေးမှာ ဆန်ကို သတ်မှတ်ရည်ညွှန်းဈေးတွေအတိုင်း ရောင်းဝယ်ဖို့၊ သိုလှောင်ရုံမှတ်ပုံတင် စနစ် MyRO မှာ သတ်မှတ်ချက်တွေနဲ့အညီ မှတ်ပုံတင်ဖို့ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအပြင် လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်း စာရင်းရေး သွင်း ကြဖို့၊ သိုလှောင်ရုံ စစ်ဆေးမယ့် ကိစ္စရပ်တွေ၊ ရည်ညွှန်းဈေးနဲ့ ဆန်ဝယ်ယူရရှိရေး ဆောင်ရွက်ပေးမယ့် ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။စားသုံးသူရေးရာ ဦးစီးဌာနက လစဉ် သင့်တင့်မျှတတဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန် ပေးနေပြီး ဈေးကွက်အတွင်း ရောင်းချတဲ့အခါ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေအပေါ် ၈ ရာခိုင်နှုန်း ထက် ပိုမရောင်းဖို့ အသိပေးထားပါတယ်။