နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် စပါးစိုက်ခင်းတွေထိခိုက်ပျက်စီးခဲ့ပေမယ့် ဆန်စပါးလက်ကျန်တန်ချိန် ၄ သန်းလောက်ရှိနေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က One News ကို ပြောပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် နေပြည်တော်မှာ စပါးစိုက်ဧက ၅၀၀၀ လောက်ထိခိုက်ပျက်စီးခဲ့ပြီး အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း စပါးစိုက်ခင်းတွေထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ စပါးစိုက်ခင်းတွေနေရာမှာ စပါးအပါအဝင် အခြားသီးနှံတွေပြန်လည်စိုက်ပျိုးပေးနိုင်ဖို့ စီစဉ်နေပြီး ဆန်စပါး လက်ကျန်တွေရှိနေတဲ့အတွက် ပြည်တွင်းဖူလုံမှုနဲ့ ပြည်ပတင်ပို့မှုတွေက စိုးရိမ်စရာမရှိဘူးလို့ ဦးရဲမင်းအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ မျိုးစပါး၊ ဓာတ်မြေဩဇာတွေ ထောက်ပံ့ပေးခဲ့သလို နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ခြမ်း)မှာလည်း ဆက်လက် ထောက်ပံ့ပေးဖို့ စာရင်းပြုစုနေတယ်လို့ဆိုပါတယ်။