မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း ၁၀ နှစ် စီမံကိန်းကို ရေးဆွဲ အကောင်အထည်ဖော် ဆောင် ရွက်နေရာမှာ နိုင်ငံပိုင်စိုက်ခင်း ဧက ၁၆၀,၀၀၀ ကျော်မှာ အပင်ပေါင်း ၁၄၆ သန်းကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါ တယ်။

ဇန်နဝါရီ(၆)ရက် မနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမမှာပြုလုပ်တဲ့ သစ်တောတွေကို မှီခိုနေထိုင်သူတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သစ်တောထိန်းသိမ်းခြင်းနှင့်ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများတည်ထောင်ခြင်းစီမံကိန်း၏ သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

ဒါ့အပြင် သစ်တောဖုံးလွှမ်းမှုတိုးပွားအောင်ဆောင်ရွက်နေသလို သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ရေအရင်းအမြစ်တွေ စဉ်ဆက်မပြတ် ရရှိရေးအတွက် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်း ၁၈ မျိုးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။သစ်တောသစ်ပင်တွေဟာ ကမ္ဘာမြေပေါ်ရှိ သက်ရှိတွေ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေ ရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရေနဲ့မြေဆီလွှာ ထိန်းသိမ်းရေး စတဲ့ အကျိုးကျေးဇူးတွေနဲ့ ဂေဟစနစ်ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

သစ်တောသယံဇာတတွေ ထာဝစဉ်တည်တံ့စေဖို့၊ သစ်နဲ့သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုတွေ လျော့နည်းပ ပျောက်စေဖို့အတွက် တရားမဝင်သစ် တားဆီးကာကွယ်ရေးက အထူးအရေးကြီးနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က တရားမဝင်သစ် စုစုပေါင်း ၅၆၇၂ တန် ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ဇန်နဝါရီ(၃)ရက်က ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားထားပါတယ်။မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု အားပိုမိုကောင်းလာစေဖို့အတွက် တစ်ဖက်ကစိုက်ပျိုးနေသလို တစ်ဖက်က လည်း စိုက်ပျိုးပြီးအပင်တွေ ရှင်သန်ကြီးထွားလာအောင် ပြုစုထိမ်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်လုပ်ဆောင်ဖို့၊ တရားမဝင်သစ်ထုတ်လုပ်မှုတွေ ပပျောက်ဖို့နဲ့ ဖမ်းဆီးဆောင်ရွက်မှုတွေ ဒီထက် ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ပြည်သူအချို့ရဲ့ပြောဆိုမှုတွေလည်း ရှိနေပါတယ်။