ရန်ကုန်တိုင်းဒေသကြီးမှာ စားအုန်းဆီတွေကို အခုစက်တင်ဘာလကစပြီး အိမ်ထောင်စုတစ်စုကို တစ်လ သုံး ပိဿာနှုန်းနဲ့ တိုးမြှင့်ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတော့ အိမ်ထောင်စုတစ်စုကို တစ်လ နှစ်ပိဿာနှုန်းနဲ့ အိမ်အရောက်ဖြန့်ဖြူးရောင်းချပေးခဲ့ရာ မှာယူသူများတဲ့အတွက် အခုလို တိုးမြှင့်ရောင်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုစက်တင်ဘာလမှာတော့ စားအုန်းဆီတွေကို တစ်ရက်မှာ အိမ်ထောင်စု လေးထောင်ကနေ ငါးထောင်ကြား အိမ်အရောက်ဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေပြီး နောက်လတွေမှာတော့ တစ်ရက်ကို အိမ်ထောင်စု ရှစ်ထောင်လောက်ထိ တိုးချဲ့ဖြန့်ဖြူးနိုင်ရေး စီစဉ်ထားတယ်လို့ ဒုတိယဥက္ကဋ္ဌ ဦးပိုင်ဖြိုးသန့်က ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ ခု၊ မြို့နယ် ၄၄ မြို့နယ်အတွက် စားအုန်းဆီတွေ ဖြန့်ဖြူးနိုင်ဖို့ Call Center နှစ်ခုက လိုင်းခွဲ ၅၀ ကနေ မှာကြားချက်တွေကို လက်ခံပေးနေပြီး နောက်လတွေမှာ တော့ လိုင်းခွဲ ၁၀၀ လောက်ထိ တိုးချဲ့သွားနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
စားအုန်းဆီတွေ အိမ်အရောက် ရောင်းချပေးနေတာကတော့ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်တဲ့ လက်ကား ရည်ညွှန်းဈေးအပေါ် အခြေခံပြီး ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားတဲ့ ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပြီး မှာယူခကိုတော့ ဝယ်ယူဘက်က ပေးချေရမှာ ဖြစ်သလို ပစ္စည်းရောက် ငွေချေစနစ်ဖြစ်တယ်လို့ သိရပါတယ်။