စက်တင်ဘာလအတွက် သင့်တင့်မျှတတဲ့ဆန်ရည်ညွှန်းဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထုတ်ပြန်ခဲ့ရာ ပြီးခဲ့တဲ့လထက်အနည်းငယ်မြင့်တက်လာတာလို့တွေ့ရပါတယ်။
အခုလ ဆန်ဈေးနှုန်းတွေ သတ်မှတ်ထုတ်ပြန်ရာမှာ ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံးကျပ်ခုနစ်သောင်းတစ်ထောင်ကနေ ကျပ်တစ်သိန်းခွဲအထိ သတ်မှတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ဩဂုတ်လကတော့ အနည်းဆုံးကျပ် ခြောက်သောင်း ရှစ်ထောင်ကနေ ကျပ်တစ်သိန်း လေးသောင်းခွဲကြား သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလအတွက် ဆန်ဈေးနှုန်းတွေထဲမှာတော့ ဆန်ကြမ်းအုပ်စုတွေဖြစ်တဲ့ ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ ထွန်းပုစတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်ခုနစ်သောင်း တစ်ထောင်ကနေ ကျပ် ရှစ်သောင်း သုံးထောင်ကြားရှိနေပါတယ်။
ပေါ်ဆန်းအုပ်စုတွေဖြစ်တဲ့ ဧရာဝတီပေါ်ဆန်း၊ ခွံနီ၊ ပေါ်ကျွဲ၊ ကြားပျံ အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်တစ်သိန်း တစ်သောင်းကနေ ကျပ်တစ်သိန်း သုံးသောင်းခွဲကြားသတ်မှတ်ထားပါတယ်။ ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကိုကျပ် တစ်သိန်း လေးသောင်းခွဲကနေ ကျပ်တစ်သိန်းခွဲအထိ သတ်မှတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။
သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ရောင်းချတာမရှိရင် စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ကို အသိပေးတိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။