ရေအခက်အခဲရှိနေတဲ့ ငလျင်ဘေးဒဏ်သင့် ဒေသတွေမှာ မီးသတ်ကားတွေနဲ့ ငွေကြေးယူပြီး ရေပေးဝေတာ တွေကို တွေ့ရှိရင် တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။လူမှုကွန်ရက်ပေါ်မှာ မီးသတ်ရေကားတစ်စီးကို ငွေကျပ်တစ်သိန်းကနေ တစ်သိန်းခွဲအထိ ပေးနေရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အခုလို ပြန်လည်ပြောကြားလိုက်တာပါ။

ငလျင်ဒဏ်ကြောင့် ရေအခက်အခဲဖြစ်ရင် မီးသတ်ဦးစီးဌာနတွေကို အကူအညီတောင်းခံနိုင်ပါတယ်။ ရေအကူအညီ တောင်းခံလာရင် မီးငြှိမ်းသတ်ဖို့ အသင့်အနေအထားနဲ့ စုဖွဲထားတဲ့ ရေကားတွေရှိတဲ့အတွက် ငလျင်ဒဏ် မသင့်တဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေက ရေကားတွေကို တောင်းခံဖြန့်ခွဲပေးနေတယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ လျှပ်စစ်မီးလိုင်းနဲ့ ဆက်သွယ်ရေးစခန်းတွေကို အလျင်အမြန် ပြင်ဆင်နိုင်ခဲ့ပေမယ့် ရေပိုက်လိုင်းတွေကိုတော့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။အဲဒါကြောင့် ရေပေးဝေရေးလုပ်ငန်းတွေ မလုပ်နိုင်သေးတဲ့အတွက် ရေအခက်အခဲရှိနေပြီး မီးသတ်ရေကားတွေကို အကူအညီတောင်းခံနေရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။