မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရည်စူးကာ ငါးလွှတ်ပွဲကို ဧပြီ ၉ ရက်၊ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ငါးလွှတ်ပွဲ အခမ်းအနားကို မကွေးမြို့ ကမ်းနားလမ်းရှိ We love Magway ဆိုင်းဘုတ်အနီးမှာ ကျင်းပခဲ့တာပါ။ငါးလွှတ်ရာမှာတော့ ဧရာဝတီမြစ်အတွင်းကို မကွေးတိုင်း ပွင့်ဖြူငါးလုပ်ငန်းစခန်းကနေ ငါးမြစ်ချင်း အကောင်ရေ တစ်သောင်းခွဲကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ပြီး ငါးလွှတ်ပွဲ ကျင်းပတာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးအေးနိုင်က ပြောပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ငါးလွှတ်တာအပြင် ထောက်ပံ့ငွေ၊ စားသောက်ကုန်နဲ့ လူအသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့တာအပြင် နေပြည်တော်မှာလည်း ငလျင်ဘေးသင့် ပြည်သူတွေအတွက် ချက်ပြုတ်ကျွေးမွေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။