ပြင်ဦးလွင်ဒေသ ကော်ဖီစီမံကိန်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းမြေနဲ့ သစ်တောမြေတွေအတွင်း ကော်ဖီစိုက်ပျိုးဖို့ ချထားပေးသူတွေ ရောင်းခွန်၊ ဝယ်ခွန်တွေ ပေးဆောင်ခြင်းမရှိရင် စိုက်ပျိုးမြေကို သိမ်းဆည်းတာ၊ လူပုဂ္ဂိုလ်ကို အမည်ပျက်စာရင်းတင်သွင်းတာနဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ-၂၉ (က) ပါ ပြဋ္ဌာန်းချက်နဲ့အညီ ဥပဒေကြောင်းအရ တရားစွဲဆိုတာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက အသိပေးကြေညာထားပါတယ်။
ပြင်ဦးလွင်ဒေသကော်ဖီစီမံကိန်းမှာ ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ကို စာချုပ်ချုပ်ဆိုပြီး သတ်မှတ်နေရာချထား ပေးတဲ့အပေါ် စိစစ်ချက်အရ တချို့လက်ရှိလုပ်ကိုင်နေသူတွေဟာ မူလခွင့်ပြုပေးထားသူတွေ မဟုတ်ဘဲ မူလပိုင်ရှင်တွေဆီက လွှဲပြောင်းရယူခဲ့သူတွေ ဖြစ်တာကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ မူလချထားပေးသူနဲ့ အမည်ကွဲလွဲနေသူ နှစ်ဖက်စလုံးကို အထူးကိစ္စတစ်ရပ်အနေနဲ့ ရောင်းခွန်၊ ဝယ်ခွန်တွေ ဆောင်ပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ နိုဝင်ဘာ ၁၁ ရက်က အကြောင်းကြားထားတယ်လို့ ပြင်ဦးလွင် ကော်ဖီ စီမံကိန်းကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးသိန်းဝင်းက ပြောပါတယ်။
အဲဒီလိုအကြောင်းကြားတာကြောင့် အခွန်လာဆောင်တဲ့သူတွေရှိသလို လာမဆောင်သေးတဲ့သူတွေလည်း ရှိတယ်လို့ ဦးသိန်းဝင်းက ပြောပါတယ်။ ရောင်းခွန်/ဝယ်ခွန်တွေကို ပြင်ဦးလွင်မြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နောက်ဆုံးထားပြီး ပေးဆောင်သွားဖို့နဲ့ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားတွေကို ပြင်ဦးလွင် ကော်ဖီစီမံကိန်း ကြီးကြပ်ရေးအဖွဲ့ထံကို မိတ္တူပေးပို့သွားရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။