ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာရှိတဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်မှာ ပါဝင်တဲ့ အစုအဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို စိစစ်ပြီး သင့်တင့်မျှတတဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်ပါတယ်။MRF အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရာကနေ မေလ ၁ ရက်ကစပြီး ပြန်လည်ထူထောင်ရေးအဆင့်ကို ကူးပြောင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလို ပြောင်းလဲဆောင်ရွက်ရာမှာ ဦးစားပေးအနေနဲ့ ဆန်စပါးနဲ့ ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်မှာ ပါဝင်သူတွေကို ကူညီပေးမှာဖြစ်ပြီး လယ်ယာကဏ္ဍနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းမိသားစု တွေကို အကူအညီပေးသွားမယ်လို့ သိရပါတယ်။ဒါ့အပြင် ပြန်လည်ထူထောင်ရေးမှာ အစိုးရဌာနတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေက ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် MRF Operation AID (Action in Disaster) အစီအစဉ်ကို ဧပြီလ ၁ ရက်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဟာ ရန်ပုံငွေ ကျပ်သိန်း ၁၅၀၀၀ ထည့်ဝင်ထူထောင်ပြီး အသင်းဝင်တွေ၊ စေတနာ ရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့ ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာဖြန့်ဖြူးထောက်ပံ့ရေးနဲ့ လုပ်အားပေးကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ MRF Operation AID အစီအစဉ်က ဆက်လက်ဆောင်ရွက်မယ့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီဆောင်ရွက်မယ့်သူတွေကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ထားပါတယ်။