အခု ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် ၁ သန်းခွဲ ကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက သိရပါတယ်။ ၉ လအတွင်း မတ်ပဲတန်ချိန် ၇ သိန်းနီးပါး တင်ပို့ထားပြီး ပဲစင်းငုံတန်ချိန် ၂ သိန်းဝန်းကျင်၊ ပဲတီစိမ်းတန်ချိန် ၄ သိန်းဝန်းကျင် အပါအဝင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၅၆ သန်း တင်ပို့ထားတာပါ။

အခုဘဏ္ဍာနှစ်အတွင်း ပြည်ပကို မြန်မာ့ပဲမျိုးစုံတင်ပို့မှုနဲ့ ဈေးကွက်အလားအလာက ကောင်းတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းရဲ့ အကြံပေး ဦးစိုးဝင်းမောင်က ပြောပါတယ်။ မြန်မာနိုင်ငံကနေ မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယဈေးကွက်ဆီ အဓိကတင်ပို့နေပြီး ပဲတီစိမ်းကိုတော့ တရုတ်ကို အဓိက တင်ပို့နေပါတယ်။ အခုနှစ် မတ်ပဲရာသီမှာ ပဲပေါ်ချိန် နောက်ကျနိုင်ပေမယ့် အထွက်နှုန်းကတော့ မနှစ်ကထက် မလျော့ဘဲ တန်ချိန် ၈ သိန်းဝန်းကျင်လောက် ရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်ပပို့ကုန် ပဲတွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းတွေက ဇန်နဝါရီ ဒုတိယပတ်နဲ့ နှိုင်းယှဉ်ရင် အနည်းငယ် ကျဆင်းနေပါတယ်။ ဇန်နဝါရီလ ၁၉ ရက်မှာ မတ်ပဲ FAQ တစ်တန်ကို FOB ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၈၀ ကနေ ၇၉၀ ကြားနဲ့ ပဲစင်းငုံ အနီတစ်တန်ကို အမေရိကန်ဒေါ်လာ ၇၄၅ ကနေ ၇၅၅ ကြား ရှိပါ တယ်။