အခုဩဂုတ်လအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန်လိုက်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။ ဆန်ဈေးနှုန်းတွေကို သတ်မှတ်ထုတ်ပြန်ရာမှာဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံး ကျပ်ခြောက်သောင်း ရှစ်ထောင်ကနေ ကျပ်တစ်သိန်း လေးသောင်းခွဲအထိ သတ်မှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေဖြစ်တဲ့ ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ ရတနာတိုး၊ ကရင်မ၊ ထွန်းပုစတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်ခြောက်သောင်း ရှစ်ထောင်ကနေ ကျပ်ရှစ်သောင်းအထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်အုပ်စုတွေဖြစ်တဲ့ မနောသုခ၊ ဇီယာ၊ ငွေတိုးစတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်ရှစ်သောင်း ခုနစ်ထောင်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

အရည်အသွေးပေါ်မူတည်ပြီး ဧရာမင်း၊ အညာသား၊ ပခန်း၊ မှော်ဘီ၊ လုံးသွယ်မွှေးစတဲ့ ဆန်အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်ကိုးသောင်း ရှစ်ထောင်ကနေ ကျပ်တစ်သိန်း သုံးသောင်းအထိ၊ ပေါ်ဆန်းအုပ်စုတွေက တစ်အိတ်ကို ကျပ်တစ်သိန်း တစ်သောင်းကနေ ကျပ်တစ်သိန်း သုံးသောင်းကြားအထိနဲ့ ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ကျပ်တစ်သိန်း လေးသောင်းကနေကျပ်တစ်သိန်း လေးသောင်းခွဲအထိ သတ်မှတ်ထားပါတယ်။
လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းတွေ စည်းကမ်းချက်တွေနဲ့ အညီ ရောင်းချဖို့နဲ့ ဈေးနှုန်းပို မြှင့်တင်ရောင်းချတာ၊ အရည်အသွေးမမှန်မကန်ရောင်းချတာ၊ လိုက်နာဆောင်ရွက်မှုမရှိတဲ့အပေါ် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ တရားစွဲဆိုတာ၊ ဒဏ်ငွေနဲ့ အခွန်ငွေသတ်မှတ်ပေးဆောင်စေတာစတဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နေတာကြောင့် ဆန်စက်တွေ၊ဆန်အရောင်းဆိုင်တွေ၊ ကုန်သည်တွေနဲ့ ဆန်လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ အသိပေး တိုက်တွန်းထားပါတယ်။