မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းက ကျေးရွာတွေမှာ အခုနှစ် မိုးမြေပဲအထွက်ကောင်းပြီး မြေပဲလုံး ဆန် ဈေးကောင်းရနေတယ်လို့ အောင်လံမြို့နယ်က တောင်သူတွေနဲ့ မြေပဲကြိတ်ခွဲ ရောင်းချသူတွေဆီက သိရပါတယ်။
လတ်တလောမှာတော့ အောင်လံမြို့နယ်အတွင်းက ကျေးရွာတွေမှာ အမျာဆုံး စိုက်ပျိုးကြတဲ့ မိုးမြေပဲတွေ ဟာ သီးနှံပွဲရုံနဲ့ ကုန်စည်ဒိုင်တွေကို လှိုင်လှိုင်ဝင်လာနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုနှစ် မြေပဲအထွက်နှုန်းကတော့ မနှစ်ကထက်စာရင် အထွက်နှုန်းတိုးလာတယ်လို့ အောင်လံမြို့နယ် ဆင်ချီတိုင် ကျေးရွာက မြေပဲစိုက်တောင်သူ ကိုဇော်ဇော်က ပြောပါတယ်။

အောင်လံမြို့နယ်အတွင်း ကျေးရွာတွေက ထွက်ရှိတဲ့ မိုးမြေပဲတွေကို ကြိတ်ခွဲပြီး ရရှိလာတဲ့ မြေပဲလုံးဆန်တွေကို ပြည်တွင်းဆီစက်လုပ်ငန်းတွေနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မြေပဲလုံးဆန်ဈေးကတော့ တစ်ပိဿာကို ကျပ်တစ်သောင်းကျော်အထိရှိပြီး ဈေးကောင်းရနေတယ်လို့ လည်း မြေပဲကြိတ်ခွဲစက်လုပ်ငန်းလုပ်ကိုင်သူ ကိုမင်းသူက ပြောပါတယ်။
အောင်လံမြို့နယ်မှာတော့ အခုနှစ် မိုးမြေပဲရဲ့ အထွက်နှုန်းက တစ်ဧကကို တင်း ၄၀ ကနေ တင်း ၅၀ ရှိပြီး မိုးမြေပဲ အစို တစ်ပိဿာကို ၂၈၀၀ ကျပ်နဲ့ ၃၀၀၀ ကျပ်အကြားရှိကာ မြေပဲလုံး ဆန်စျေးက တစ်ပိဿာကို ကျပ် တစ်သောင်းကျော်အထိ ပေါက်စျေး ရှိနေတယ်လို့ ကုန်စည်ဒိုင်ကနေ သိရပါတယ်။