အခု အောက်တိုဘာလအတွက် ရောင်းချရမယ့် သင့်တင့်မျှတတဲ့ဆန်ရည်ညွှန်းဈေးနှုန်းတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကသတ်မှတ်ထုတ်ပြန်ခဲ့ရာ ဆန်ကြမ်းအုပ်စုတွေကတော့ ပြီးခဲ့တဲ့လထက် ဈေးအနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။
ဆန်ဈေးနှုန်းတွေသတ်မှတ်ထုတ်ပြန်ရာမှာ ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံးကျပ် ခုနစ်သောင်း သုံးထောင်ကနေ ကျပ်တစ်သိန်းခွဲကြားရှိပြီး ပြီးခဲ့တဲ့စက်တင်ဘာလကတော့ အနည်းဆုံးကျပ် ခုနစ်သောင်းတစ်ထောင်ကနေ ကျပ်တစ်သိန်းခွဲကြား သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလအတွက် ဆန်ဈေးနှုန်းတွေထဲမှာတော့ ပြည်ပတင်ပို့တဲ့ ဧည့်မထ၊ ငစိန်အုပ်စုဝင် ဆန်ကြမ်းအမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ် ခုနစ်သောင်း သုံးထောင်ကနေ ကျပ် ရှစ်သောင်းခွဲကြားရှိပြီး ပြီးခဲ့တဲ့လထက် ကျပ်နှစ်ထောင်ကနေ သုံးထောင်လောက်စီ ဈေးတက်လာတာဖြစ်ပါတယ်။
ပေါ်ဆန်းအုပ်စုတွေဖြစ်တဲ့ ဧရာဝတီပေါ်ဆန်း၊ ခွံနီ၊ ပေါ်ကျွဲ၊ ကြားပျံ အမျိုးအစားတွေကတော့ တစ်အိတ်ကို ကျပ်တစ်သိန်း တစ်သောင်းကနေ ကျပ်တစ်သိန်း သုံးသောင်းခွဲကြားသတ်မှတ်ထားပြီး ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ကျပ် တစ်သိန်း လေးသောင်းခွဲကနေ ကျပ် တစ်သိန်းခွဲထိ သတ်မှတ်ထားပါတယ်။
ဆန်စက်တွေ၊ ဆန်အရောင်းဆိုင်တွေ၊ ကုန်သည်တွေနဲ့ဆန်လုပ်ငန်းရှင်တွေအနေနဲ့ အခုလိုလစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းတွေကို စည်းကမ်းချက်တွေနဲ့အညီရောင်းချဖို့နဲ့ ဈေးနှုန်းပိုမိုမြှင့်တင်ရောင်းချတာ၊ အရည်အသွေးမမှန်မကန်ရောင်းချတာတွေမလုပ်ကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားပါတယ်။