မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံကို လွတ်လပ်စွာ တင်ပို့ခွင့် ထပ်မံရရှိဖို့ ညှိနှိုင်းတောင်းဆိုတာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မူဝါဒအရ မြန်မာနိုင်ငံက မတ်ပဲနဲ့ပဲစင်းငုံကို အခု ၂၀၂၅ ခုနှစ် မတ်လအထိ လွတ်လပ်စွာ တင်သွင်း ခွင့် ရရှိထားသလို မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံအကြား G to G အစီအစဉ်နဲ့ မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရလည်း ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်ကနေ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ် အထိ နှစ်စဉ် မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍကနေ တင်ပို့ခွင့် ရရှိထားတာပါ။

ဒါကြောင့် လာမယ့်ဘဏ္ဍာနှစ်မှာလည်း မတ်ပဲနဲ့ပဲစင်းငုံကို လွတ်လပ်စွာတင်ပို့ခွင့် ထပ်မံတိုးမြှင့် သတ်မှတ်ပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနက ညှိနှိုင်းတောင်းဆိုတာတွေ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကလည်း အိန္ဒိယဘက်ကို စာပို့တောင်းဆိုထားသလို နှစ်နိုင်ငံ အစည်းအဝေး တွေမှာလည်း ဆွေးနွေးပြောဆိုတာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရက လည်း သူတို့နိုင်ငံအတွင်းက ပဲထုတ်လုပ်မှုနဲ့ စားသုံးမှုလိုအပ်ချက်တွေအပေါ် မူတည်ပြီး ဘဏ္ဍာနှစ် ကုန်ခါနီးတိုင်း မှာ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒနဲ့ပတ်သက်တဲ့ အမိန့်ကြေညာစာတွေကို ထုတ်ပြန်လေ့ ရှိပါတယ်။