ဇူလိုင်လ ပထမပတ်ကစပြီး တိုင်းနဲ့ပြည်နယ်နေရာဒေသအချို့မှာ မြစ်ရေတွေမြင့်တက်လာမှုကြောင့် မိုးစပါး စိုက်ခင်း အပါအဝင် သီးနှံစိုက်ခင်းဧက ငါးသောင်း ခုနစ်ထောင်ကျော် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စာရင်းအင်းဌာနခွဲက သိရပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ မိုးစပါးစိုက်ဧကတွေ အများအပြားရှိနေပြီး ရိတ်သိမ်းဖို့ ကျန်နေ သေးတဲ့ နွေစပါးတွေလည်း ရေကြီးနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ဒါ့အပြင် မြေပဲ၊နှမ်း၊ကုလားပဲ၊ပြောင်းစိုက်ခင်းတွေနဲ့ တခြားသီးနှံတွေလည်း ရေကြီးနစ်မြုပ်ခဲ့တာပါ။ ဒီလိုရေကြီးနစ်မြုပ်ခဲ့ ရာမှာ မိုးစပါးစိုက်ဧက ၁၀ သိန်းကျော် ရေနစ်မြုပ်ခံရပြီး ပျက်စီးမှု ဧက ၁ သောင်း ၄ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

ရိတ်သိမ်းနေဆဲ နွေစပါးဧကထဲမှာဆိုရင် ရေနစ်မြုပ်ခဲ့တာက ဧက ၁ သောင်းကျော် ရှိပြီး ပျက်စီးခဲ့တာက ဧက ၇ ထောင်ခန့်ရှိတယ်လို့ ဆိုပါတယ်။ အခြားသီးနှံစိုက်ခင်းတွေကတော့ ဧက ၉ သောင်း ကျော်ရှိပြီး ပျက်စီးခဲ့တဲ့ဧက ၃ သောင်းခွဲကျော် ရှိခဲ့တာဖြစ်ပါတယ်။ အခုအခါ မြို့ပေါ်နဲ့ကျေးလက်ဒေသတွေမှာ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ စိုက်ခင်းတွေအများစုကတော့ရေပြန်မကျသေးဘူးလို့တောင်သူတွေကပြောကြပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းတွေပျက်စီးခဲ့ရတဲ့တောင်သူတွေအနေနဲ့ ရေပြန်လည်ကျတဲ့အခါ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ဖို့အတွက် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ မျိုးစပါးတွေ၊ပျိုးပင်တွေကို တင်ပြတောင်းဆိုဖို့လိုအပ်တယ်လို့ ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာန၊ စာ ရင်းအင်းဌာနခွဲမှ တာဝန်ရှိသူတစ်ယောက်က ပြောကြားပါတယ်။