ရန်ကုန်မြို့ရှိ မြို့နယ် ၃၃ မြို့နယ်မှာ ဆန်လက်လီအရောင်းဆိုင်တွေကတစ်ဆင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ် ဆန်းဆန်တွေကို ပစ္စည်းရောက်ငွေချေစနစ်နဲ့ အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးတာကို ဇူလိုင် ၁၀ ရက်က စတင် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာပါတယ်။
အခုလို ဆောင်ရွက်တာဟာ မသမာသူတွေက Facebook Page အတု ဖွင့်လှစ်ပြီး ငွေကြေးလိမ်လည်မှုတွေ ဆောင်ရွက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
Door to Door စနစ်နဲ့ ရောင်းချပေးမယ့် လက်လီဆိုင်တွေကတော့ လှိုင်သာယာ၊ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ သင်္ဃန်း ကျွန်း၊ မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ ကျောက်တံတား စတဲ့ မြို့နယ် ၃၃ မြို့နယ်မှာ ရောင်းချပေးမှာ ဖြစ်တယ် လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်ကို ၁၅၂၀၀၀ ကျပ်နဲ့ ဧရာဝတီပေါ်ဆန်း ၂၄ ပြည်တစ်အိတ်ကို ၁၃၀၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
အခုအစီအစဉ်ကို နေပြည်တော်နဲ့ မန္တလေးမြို့ အပါအဝင် အခြားမြို့ကြီးတွေမှာလည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပြီး ဆက်သွယ်ရမယ့် ဆန်ဆိုင်စာရင်းတွေကို ဆက်လက်ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့လည်း ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စားသုံးသူ မိဘပြည်သူတွေအနေနဲ့ ဝယ်ယူဖို့ အခက်အခဲရှိရင်ဖြစ်စေ၊ သတ်မှတ်ဈေးနှုန်းထက် ပိုပြီး ရောင်းချမှုကို ကြုံတွေ့ရင်ဖြစ်စေ၊ အရည်အသွေး/အလေးချိန် မှန်ကန်မှု မရှိရင်ဖြစ်စေ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ရုံးဖုန်းတွေကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။