မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မြို့နယ်အတွင်းရှိ တောင်သူ ၂၀၀ ကျော်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကို ဇူလိုင် ၂၃ ရက်က ထုတ်ချေးပေးခဲ့တယ်လို့ မြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကိုတော့ ကျေးရွာအုပ်စုအလိုက် စပါး(၁)ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း၊ နှမ်း(၁)ဧက ငွေကျပ် တစ်သိန်းနှုန်းတို့ကို အတိုးနှုန်း ငါးရာခိုင်နှုန်းနဲ့ ထုတ်ချေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)ရှိတဲ့ တောင်သူတွေကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ပြီး မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးတဲ့ ကျေးရွာတောင်သူတွေကို သီးနှံအာမခံ ထားရှိရေး၊ စည်းရုံးရှင်းလင်းတာနဲ့ ကျေးရွာတောင်သူတွေကို ချေးငွေထုတ်ချေးတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေကိုလည်း ရှင်းလင်း ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးရာမှာတော့ အရင် စိုက်ပျိုးစရိတ်ချေးငွေတွေ ပြေကျေစွာ ပေးဆပ်ပြီးသူတွေ ကို ထုတ်ချေးပေးမှာဖြစ်ပြီး မကြီးကန်ကျေးရွာအုပ်စုနဲ့ အင်းမကျေးရွာအုပ်စုက တောင်သူ(၂၁၅)ယောက်ရဲ့ စပါး သီးနှံနဲ့ အခြားသီးနှံအတွက် ချေးငွေ ကျပ်သိန်းပေါင်း ၁၄၀၀ ကျော် ထုတ်ချေးပေးခဲ့တာ ဖြစ်တယ်လို့ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ သိရပါတယ်။