မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံမှာ စတင်ရေကျော်နေတာကြောင့် အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူတွေသိရှိနိုင်ဖို့ အစိမ်းရောင်အလံလွှင့်ထူထားပြီ ဖြစ်တယ်လို့ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။
မန်းချောင်းရေလှောင်တမံမှာ ဇူလိုင်၂၆ရက် မနက် ၁၀ နာရီတိုင်းတာချက်အရ တမံအမြင့်ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေရှိရာကနေ လက်ရှိမှာ ၆၂၅ ဒသမ ၉ ပေကို ရောက်ရှိနေပြီး ပင်မရေပိုလွှဲမှ ၀ ဒသမ ၉ ပေအမြင့်အဖြစ် စတင်ရေကျော်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် မြို့နယ်အတွင်းရှိ ပြည်သူတွေသိရှိနိုင်ဖို့ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ်သတ်မှတ်ကာ တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နဲ့ ရှင်းလင်းဆောင်နေရာတွေ၊ မန်းချောင်းတမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေမှာ အစိမ်းရောင်အလံ လွှင့်ထူထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိတမံအခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ၊ မရှိ အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ငဖဲမြို့နယ်မန်းချောင်းရေလှောင်တမံမှာ ဇူလိုင်လစတုတ္ထပတ်အတွင်း မိုးရေချိန် ၀ ဒသမ၉၀ လက်မ ရွာသွန်းခဲ့တဲ့အတွက် ဆည်အတွင်းတောင်ကျချောင်းရေနဲ့ မိုးရေတွေအဆက်မပြတ်ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ တမံ၊ ရေထုတ်ပြွန်နဲ့ ဆက်စပ်အဆောက်အအုံတွေအားလုံး ကြံ့ခိုင်ကောင်းမွန်မှုရှိပြီး ၂၄ နာရီ ရေကင်းတာဝန်ချထားကာ အနီးကပ်ကြီးကြပ်လျက်ရှိတယ်လို့လည်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကနေ သိရပါတယ်။