မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာ အခုရက်ပိုင်း ဧရာဝတီမြစ်ရေဝင်ရောက်တာကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
မင်းဘူး(စကု)မြို့နယ်မှာ ဇူလိုင် ၁၂ ရက်က စတင်ပြီး ဧရာဝတီမြစ်ရေဝင်ရောက်တာကြောင့် မြစ်ကမ်းနံဘေး ကျေးရွာအုပ်စု ၇ အုပ်စုက တောင်သူပေါင်း ၅၀၀ နီးပါးရဲ့ သီးနှံစိုက်ခင်းတွေ ဖြစ်တဲ့ နွေစပါး၊ နွေနှမ်း၊ မိုးစပါး စိုက်ပြီးခါစ၊ မိုးနှမ်းသီးနှံ ပွင့်ဖူးဆဲ၊ မိုးပဲတီစိမ်းသီးနှံပွင့်ဖူးဆဲနဲ့ အခြားဟင်းသီးဟင်းရွက် ရိတ်သိမ်းဆဲ စိုက်ခင်း စုစုပေါင်း သီးနှံစိုက်ခင်း ၂၂၄၈ ဧက ရေကြီးနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်အနေနဲ့ ကြိုတင်အစီအစဉ်အနေနဲ့ စပါး ၊ နေကြာနဲ့ ချည်မျှင်ရှည်ဝါသီးနှံတွေရဲ့ မျိုးစေ့တွေကို အရန်သင့် ကြိုတင် စုဆောင်းထားရှိပြီး ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့လုပ်ငန်းလမ်းညွှန်မှုနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းလေးတစ်လျှောက် သီးနှံစိုက်ခင်းတွေမှာ ရေကြီးနစ်မြုပ်ဧရိယာတွေကို သက်ဆိုင်ရာဌာနအသီးသီးက စာရင်းကောက်ယူပြုစုနေပြီး ရင့်မှည့်ဆဲ့ သီးနှံတွေ ရေနစ်မြုပ်မှုမှ ကာကွယ်တာ၊ အမြန်ရိတ်သိမ်းတာနဲ့ ရိတ်သိမ်းပြီး သီးနှံတွေကို ရေဘေးလွတ်ကင်းရာကို ရွှေ့ပြောင်းတာ စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။