၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေ ဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားတယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောပါတယ်။ ဩဂုတ် ၁၅ ရက် မနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောကြားခဲ့တာပါ။
အဲဒီလို တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ထားချက်အရ ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လေးလအတွက် သွင်းအားစုတွေတင်သွင်းတဲ့ ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးထားရာ မြေဩဇာတန်ချိန် ၉ သိန်းခွဲကျော်နဲ့ ပိုးသတ်ဆေးတန်ချိန် ၁၃၀၀၀ ကျော် ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေရဲ့တင်ပြချက်အရ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်အထိ ဓာတ်မြေဩဇာအတွက် လိုင်စင်ရပြီး တန်ချိန် ၆ သိန်းကျော်အနက် တင်သွင်းပြီးတန်ချိန် ၄ သိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ တင်သွင်းဖို့ကျန်တဲ့ လိုင်စင်ရထားပြီး အသင်းဝင်ကုမ္ပဏီတွေအနေနဲ့လည်း အချိန်မီတင်သွင်းနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ကြရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။