ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်တာကြောင့် ငါးမွေးကန်တွေရေနစ်မြုပ်ခဲ့ပြီး ငါးမွေးတောင်သူတွေဟာ အကူအညီတွေလိုအပ်နေတယ်လို့ ငါးမွေးတောင်သူတွေကပြောပါတယ်။ အခုအခါ ရေအနည်းငယ်ပြန်ကျသွားပြီဖြစ်တဲ့အတွက် ငါးမျိုးစိတ်တွေပြန်ထည့်ရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုငါးမျိုးစိတ်တွေထည့်ဖို့အတွက် ငါးသားပေါက်တွေကို တာဝန်ရှိသူတွေက ကူညီပေးစေချင်တယ်လို့လည်း တိုက်ကြီးမြို့နယ်က ငါးမွေးတောင်သူ ဦးမျိုးအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတွေမြင့်တက်ခဲ့တဲ့အတွက် တိုက်ကြီးမြို့နယ်မှာရှိတဲ့ ငါးမွေးကန်အားလုံးနီးပါး ရေနစ်မြုပ်ခံခဲ့ရတာပါ။ ရေနစ်မြုပ်ခံရတဲ့ငါးမွေးကန်တွေထဲမှာ ငါးသားပေါက်တွေမွေးမြူထားတဲ့ကန်တွေလည်း ပါဝင်သွားတယ်လို့ဆိုပါတယ်။ တိုက်ကြီးမြို့နယ်မှာ ငါးမွေးဧကခြောက်ထောင်ခန့်ရှိပြီး ရေကြီးနစ်မြုပ်ခဲ့တာက ဧကလေးထောင်ခန့်ရှိတယ်လို့ သိရပါတယ်။ ရေကြီးနစ်မြုပ်တာကြောင့် ကန်ထဲမှာမွေးမြုထားတဲ့ငါးတွေအားလုံး ပါသွားခဲ့တယ်လို့ ငါးမွေးတောင်သူ ကိုရန်အောင်က ပြောပါတယ်။
တိုက်ကြီးမြို့နယ်မှာတော့ ငါးမွေးမြူရေးအဖြစ် ငါးတန်နဲ့ ငါးမုတ်ကို အများဆုံးမွေးမြူကြတာဖြစ်ပါတယ်။