စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ အဲဒီလုပ်ငန်းတွေကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံငွေနဲ့ တခြားလိုအပ်ချက်တွေရှိရင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ(၂၇)ရက် မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်း မမှာ ပြုလုပ်တဲ့ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်အစည်းအဝေးမှာ ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ကုန်ထုတ်လုပ်ငန်းတွေရှိမှသာ အခွန်အခတွေလည်း ရရှိမှာဖြစ်တာကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေ အောင်မြင်မှုရှိအောင် စနစ်တကျ ကြပ်မတ်ဆောင်ရွက် သွားဖို့ လိုပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အားသွန် ခွန်စိုက်ဆောင်ရွက်ဖို့ လိုအပ်ပြီး အခုဘဏ္ဍာနှစ်နဲ့နောင်လာမယ့် ဘဏ္ဍာနှစ်တွေမှာ ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ အများပြည်သူ အသုံးပြုနိုင်တဲ့ အခြေခံ လိုအပ်ချက်တွေကို နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။