နွေရာသီမှာ နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူသူတွေအနေနဲ့ ငါးမွေးမြူရေးကန်တွေမှာ အပူဒဏ်ကြိုတင်ကာကွယ်ကြဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက အသိပေးနှိုးဆော်ထားတယ်လို့သိရပါတယ်။

ငါးမွေးမြူရေးကန်တွေမှာ နွေရာသီအတွင်း ရာသီဥတုပူပြင်းတဲ့အတွက် ရေတွေခမ်းခြောက်ကာ ငါးတွေ ရောဂါကျပြီး သေဆုံးတာတွေ ဖြစ်လေ့ရှိတာပါ။အဲဒီနှိုးဆော်ချက်ထဲမှာ နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်တွေမှာ ရေထုညစ်ညမ်းပြီး ငါးရောဂါကျရောက်တတ်တဲ့အတွက် ဩဇာဓာတ်ထည့်သွင်းတာနဲ့ ငါးအစာအလွန်အကျွံကျွေးတာတွေကို လျှော့ချပေးဖို့၊ ရေမှာ ပျော်ဝင်အောင်ဆီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးဖို့၊ ရေခန်းလာရင် သန့်ရှင်းတဲ့ရေသစ်တွေ ဖြည့်သွင်းပေးဖို့၊ ရေသစ်သွင်းဖို့ အခက်အခဲရှိရင် မွေးမြူထားတဲ့ငါးတွေကို အရေအတွက်လျှော့ချမွေးမြူဖို့၊ အပူချိန်ပြင်းတဲ့နေ့လယ်ပိုင်းမှာ ငါးတွေကန်ပြောင်းရွှေ့တာတွေ မပြုလုပ်ဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် ငါးကန်အတွင်း ရေကြည်နှုန်း (၂၅-၄၀)စင်တီမီတာအတွင်းရှိနေစေဖို့၊ ရေထုညစ်ညမ်းမှုဖြစ်စေတဲ့ အစားကျွေးခြင်းကို ရှောင်ကြဉ်ပြီး ပုံမှန်အစာတွေကို ချိန်ဆကျွေးဖို့၊ အစာကျန်များရှိမရှိ ပုံမှန်စစ်ဆေးဖို့၊ ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့် သိုလှောင်တဲ့ အရန်ကန်တွေစီစဉ်ပြီး ရနိုင်သမျှရေတွေ သိုလှောင်ဖို့၊ ကန်အခြေနေနဲ့ ရေအရည်အသွေးပြောင်းလဲမှုအခြေအနေတွေကို နေ့စဉ် မနက်(၆)နာရီမှာ ပုံမှန်စစ်ဆေးဖို့ကိုလည်း နှိုးဆော်ထားပါတယ်။ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးမွေးမြူသူတွေ ထိခိုက်ဆုံးရှုံးမရှိအောင် နှိုးဆော်တာဖြစ်ပြီး ကြိုတင်သတိပြုလိုက်နာဆောင်ရွက်စေချင်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။ နွေရာသီအတွင်း ငါးမွေးကန်တွေမှာ ပုံမှန်မဟုတ်တဲ့ အခြေနေပြောင်းလဲမှုတွေဖြစ်ပေါ်လာရင် နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။