မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၇၂၇ ဒသမ ၉၁ ဧကနဲ့ ၄၀၈ ဒသမ ၀၇ ဧကရှိတဲ့ နယ်မြေတွေကို “ငါ့လင်းပုတ်ကြိုးပြင်ကာကွယ်တောအပိုင်း(၁)နဲ့ အပိုင်း(၂)” အဖြစ် ဇွန်လ ၇ ရက်ကစပြီး သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနဟာ ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကိုကျင့်သုံး ပြီးအခုလို အမိန့်ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
အပူပိုင်းဒေသဖြစ်တဲ့ ပုဂံညောင်ဦးဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရေး၊ ရာသီဥတုသာယာမျှတပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး၊ မြေဆီလွှာတိုက်စားမှုတွေတားဆီးကာကွယ်ရေးနဲ့ အပူပိုင်းသစ်တောတွေ ထိန်းသိမ်းဖို့အတွက်ရည်ရွယ်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေအဖြစ် ဖွဲ့စည်းသတ်မှတ်တာ ဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုသတ်မှတ်လိုက်တာကြောင့် အဲဒီဧရိယာတွေအတွင်းမှာပေါက်ရောက်နေတဲ့ ဒေသမျိုးရင်းသစ်မျိုးတွေဖြစ်တဲ့ ဖျောက်ဆိတ်၊ ယင်းမာ၊ ထနောင်း၊ ရှား၊ ကျွန်းဖို၊ တမာ၊ ဒဟတ် စတဲ့သစ်မျိုးတွေကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်၊၊
အဲဒီအပြင် ခါ၊ ချိုး၊ တောကြောင်၊ ယုန် စတဲ့တိရစ္ဆာန်တွေရဲ့ နေထိုင်ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး၊ သဲကန္တာရဖြစ်ထွန်းမှုကို တိုက်ဖျက်ရေးအတွက် အထောက်အကူပြုရေး၊ မြေဆီလွှာတိုးတက်ကောင်းမွန်လာရေး၊ မြေအောက်ရေထိန်းသိမ်းနိုင်ရေးနဲ့ သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတု ပိုမိုကောင်းမွန်လာနိုင်ရေးစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
