ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ ၇၈၁ ဧကနဲ့ ရေပြင် ၂၂၂၁၉ ဧက၊ စုစုပေါင်း ဧရိယာ ၂၃၀၀၀ ဧကကို“ကျွန်းနံ့သာအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ဇွန်လ ၁၂ ရက်ကစပြီး သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။
ကျွန်းနံ့သာဟာ ဘူမိရုပ်သွင်ထူးခြားတဲ့ ကျွန်းတစ်ခုဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ကျက်စားနေထိုင် နေတဲ့ အဏ္ဏဝါမျိုးစိတ်တွေဖြစ်တဲ့ ပြင်သာလိပ်၊ လိပ်လှောင်း၊ လိပ်ကြက်တူရွေး၊ လိပ်စောင်းလျားနဲ့ လိပ်ခွေးတွေ၊ ဝေလငါး၊ ငါးမန်းဖလောင်း၊ ရေဝက်၊ ငါးမန်းအမျိုးမျိုး၊ ငါးလိပ်ကျောက်၊ ရှားပါးတဲ့ ဗျိုင်းမည်းငှက် မျိုးစိတ်တွေ နေထိုင်ကျက်စားနေတယ်လို့ သိရပါတယ်၊၊
အဲဒီအပြင် ကျွန်းရဲ့ပတ်လည် ပင်လယ်ရေအောက်မှာ ပင်လယ်ရေအောက်ရွှံ့မီးတောင်နဲ့ သန္တာကျောက်တန်းတွေ တည်ရှိနေတဲ့အတွက် ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါမျိုးစိတ်တွေနဲ့ ထူးခြားတဲ့ ဘူမိရုပ်သွင်တွေကို ရေရှည်တည်တံ့ စေဖို့နဲ့ ကာကွယ်ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်၊၊