ကချင်ပြည်နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ဒေသခံတောင်သူတွေကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ ငွေကျပ်(၁၈)ဘီလီယံကျော် ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးကျော်စွာလင်းက ပြောပါတယ်။
လက်ရှိအချိန်အထိ ကချင်ပြည်နယ်က မြို့နယ်(၅)ခုမှာ တောင်သူ (၆၆၅)ယောက်ကို ငွေကျပ်သန်းပေါင်း (၇၉၀)ကျော် ထုတ်ချေးပေးပြီးဖြစ်တယ်လို့ ဦးကျော်စွာလင်းက ပြောပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေရယူမယ့်တောင်သူတွေအနေနဲ့ အရင်ကြွေးဟောင်းကို အကျေပေး ဆပ်ပြီးမှသာ ချေးငွေအသစ်ကို ရယူရမှာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကြွေးဟောင်းကျန်နေတဲ့ တောင်သူတွေအနေနဲ့ ပေးသွင်းဖို့ကျန်နေတာတွေကို ပေးသွင်းကြဖို့ ကိုလည်း ဦးကျော်စွာလင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ထုတ်ချေးပေးခဲ့တဲ့ ချေးငွေတွေထဲက ပြန်လည်ပေးဆပ်ငွေ (၈၂) ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး (၁၈)ရာခိုင်နှုန်းလောက် ပြန်လည်ပေးသွင်းဖို့ ကျန်နေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ ချေးငွေကို မေ ၂၀ ရက်က စတင်ထုတ်ချေးပေးနေတာဖြစ်ပြီး စက်တင်ဘာလ ကုန်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

