ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နဲ့ကျိုင်းတုံမြို့နယ်တွေမှာ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပြီး တာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေရတယ်လို့လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။
ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့နယ်မှာတော့ စက်တင်ဘာ ၁၀ ရက်ကစပြီး မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေတယ်လို့ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းကနေသိရပါတယ်၊၊
အဲဒီလို ချောင်းရေမြင့်တက်မှုကြောင့် ရေတွေအဆမတန်မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိ နေအိမ်တွေထဲကိုရေတွေဝင်ရောက်မှုတွေဖြစ်ပေါ်နေကာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီကယ်ဆယ်ပေးတာတွေ၊ နေရာရွှေ့ပြောင်းပေးတာတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။
ကျိုင်းတုံမြို့နယ်မှာလည်း နမ့်လပ်ချောင်းရေမြင့်တက်လာပြီး ကျိုင်းတုံမြို့ပေါ် ရပ်ကွက်တွေ၊ လမ်းမပေါ်တွေနဲ့ နေအိမ်တွေမှာရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် တာဝန်ရှိသူတွေက စက်တင်ဘာ ၁၀ ရက်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေရတယ်လို့လည်းသိရပါတယ်။
အလားတူ မိုင်းခတ်မြို့နဲ့မိုင်းယန်းမြို့နယ်တွေမှာလည်း မိုးရွာသွန်းမှုများတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီး တာဝန်ရှိသူတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေရတယ်လို့သိရပါတယ်။