အခုဘဏ္ဍာနှစ် ငါးလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။
အခုနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၁၆ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုအနေနဲ့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်နဲ့ထီးခီးကုန်သွယ်ရေးစခန်းတွေမှာ ပို့ကုန်ကန်ဒေါ်လာ သန်း ၉၆၀ ကျော်ဖိုးရှိပြီး သွင်းကုန်ကန်ဒေါ်လာသန်း ၁၉၀ ကျော်ဖိုးရှိကာ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေနဲ့ အမေရိကန်ဒေါ်လာသန်း ၁၁၅၀ ကျော်ဖိုးရှိတယ်လို့သိရပါတယ်။
ပို့ကုန်တင်ပို့မှုအနေနဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်းတွေ၊ ရော်ဘာစိမ်း၊ ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့နဲ့ သကြားတို့ဖြစ်ပြီး သွင်းကုန်တင်သွင်းမှုအနေနဲ့ လျှပ်စစ်မော်တော်ယာဉ်၊ စက်နဲ့စက်ပစ္စည်း၊ ဆေးနဲ့ဆေးဝါးပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ စက်မှုသုံးကုန်ကြမ်းပစ္စည်းတွေပါဝင်တယ်လို့သိရပါတယ်။
လက်ရှိ ဘဏ္ဍာနှစ် ငါးလအတွင်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက်ပြည်ပနိုင်ငံတွေရဲ့ ကုန်သွယ်မှုပမာဏအနေနဲ့ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၈ ဘီလီယံကျော်ဖိုးရှိတယ်လို့လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။