အခုနှစ်အတွင်း အခုအချိန်အထိ အာရှတိုက်ရဲ့ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ယာဂိဟာ ဗီယက်နမ်မြောက်ပိုင်း၊ တရုတ်နိုင်ငံ ဟိုင်နန်နဲ့ ဖိလစ်ပိုင်တို့ကို တိုက်ခတ်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းငယ်အဖြစ် စက်တင်ဘာ ၈ ရက်မှာ အဆင့်လျော့ကျသွားပြီလို့ သိရပါတယ်။
မုန်တိုင်းတိုက်ခတ်ရာတစ်လျှောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပြီး ဗီယက်နမ်မှာ အခုအချိန်ထိ လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လူပေါင်း ၈ ဒသမ ၅ သန်း နေထိုင် ရာ ဟနွိုင်းမြို့မှာပဲ အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ပြီး ဒါဟာ ပဏာမ ကိန်းဂဏန်း ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဟနွိုင်းမြို့တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာ ဟိုအာဘင်းပြည်နယ်က မြေပြိုမှုမှာ လေး ယောက်အပါအဝင် ဗီယက်နမ်မှာ ၁၄ ယောက် သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်ပါသေးတယ်။
တနင်္ဂနွေနေ့မှာ ယာဂိကို အဆင့်နှိမ့်ချထုတ်ပြန်ခဲ့ပေမယ့် မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနိုင်ခြေကို ဗီယက်နမ်မိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။
စက်တင်ဘာ ၇ ရက်က ယာဂိတိုက်ခတ်မှုကြောင့် မြို့တော် ဟနွိုင်းမှာ လျှပ်စစ်ဓာတ်အား နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပါတယ်။
နေရာအနှံ့ ရေကြီးကာ သစ်ပင်ထောင်ပေါင်းများစွာ လဲကျပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။