ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅) တက်ရောက်တာဝန်ထမ်းဆောင်မယ့်သူတွေဟာ သင်တန်းကျောင်းတွေကို အသီးသီးရောက်ရှိနေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)ကိုတက်ရောက်မယ့်သူတွေဟာ စက်တင်ဘာ ၅ ရက်က သင်တန်းကျောင်းအသီးသီးကိုရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)ကို တက်ရောက်မယ့်သူတွေကိုလည်း စက်တင်ဘာ ၄ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်တပ်နယ်အားကစားရုံမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းနဲ့ မွန်ပြည်နယ်၊ မော်လမြိုင်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာရောက်ရှိနေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)တက်ရောက်မယ့် သင်တန်းသားတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သွားရောက်ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့လည်းသိရပါတယ်။