တိုက်စစ်မှူး အမ်ဘာပေက မျှော်လင့်ချက်မြင့်မားသူတစ်ယောက်ဖြစ်သလို သွင်းဂိုးတွေရယူဖို့ကို အမြဲတမ်း ကြိုးစားအားထုတ်နေသူဖြစ်တယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်စ်က ချီးကျူးလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် အမ်ဘာပေဟာ အခုနွေရာသီမှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ရီးရဲလ်ကစားသမားဘဝအစမှာ ဂိုးပေါက်ပျောက်နေတာကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ လာလီဂါပွဲမှာတော့ အမ်ဘာပေဟာ ရီးရဲလ်အသင်းအတွက် သွင်းဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဝေဖန်မှုတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ဒက်ချမ့်စ်က အမ်ဘာပေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးသွားခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းနဲ့အတူရနေတဲ့ ဂိုးသွင်းခြေစွမ်းကို နိုင်ငံအသင်းဆီကိုပါ ယူဆောင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂိုးသွင်း အများဆုံး ကစားသမားဆုရခဲ့တဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ပုံမှန်ဂိုးသွင်းခြေကို မပြနိုင်ခဲ့တာဖြစ်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
နည်းပြ ဒက်ချမ့်စ်ကတော့ အမ်ဘာပေဟာ ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ထူးချွန်သူဖြစ်လို့ စိုးရိမ်စရာမရှိဘူးလို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။