အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ကာရေဘီယံကျွန်းနိုင်ငံလေး ဟေတီကို စက်တင်ဘာ ၅ ရက်က ရောက်ရှိခဲ့ပါတယ်။
လူဆိုးဂိုဏ်းတွေရဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုကို ခံခဲ့ရတဲ့ ဟေတီက ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု လုံခြုံရေးမစ်ရှင်ကို ခိုင်မာစေရေး အားထုတ်ဖို့ ဘလင်ကန် ရောက်ရှိသွားတာပါ။
ဒိုမီနီကန်သမ္မတနိုင်ငံကို မသွားခင် ဘလင်ကန်ဟာ ဟေတီ ဝန်ကြီးချုပ် ဂါရီကိုနီလီ၊ အသွင်ကူးပြောင်းရေး ကောင်စီတို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အနောက်ကမ္ဘာခြမ်းရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဘရိန်းနီကိုလပ်စ်က ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါတို့ဟာ အခုအချိန်အထိ ဟေတီလုံခြုံရေးတပ်ဖွဲ့အတွက် အကြီးမားဆုံး ပံ့ပိုးကူညီမှုတွေ ပြုလုပ်ထားကြောင်းလည်း နီကိုလပ်စ်က ပြောပါတယ်။
လူဆိုးဂိုဏ်းတွေ ရဲ့ အုပ်စုဖွဲ့စစ်ပွဲတွေကြောင့် ဟေတီနိုင်ငံသား ၅၇၈,၀၀၀ ကျော်ကို အိုးအိမ်မဲ့ဖြစ်စေခဲ့ပြီး လူဦးရေ ၁၁ ဒသမ ၇ သန်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ၅ သန်းနီးပါး အာဟာရ ပြတ်နေပါတယ်။
အဲဒီလူတွေအနက် ၁ ဒသမ ၆ သန်းဟာ ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လာမယ့်နှစ်မှာ ဟေတီမှာ ရွေးကောက်ပွဲ တွေ ကျင်းပဖို့ မကြာခင် ဖွဲ့စည်းမယ့် ရွေးကောက်ပွဲကောင်စီကို မြင်တွေ့ရဖို့ မျှော်လင့်ကြောင်း ဘလင်ကန်က ပြောဆိုထားပါတယ်။