ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ခလစာတွေကို လွှဲပြောင်းပေးပို့ဖို့ပျက်ကွက်ရင် လိုအပ်သလို စိစစ်အရေးယူခံရမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ မိမိရရှိတဲ့လုပ်ခလစာထဲက တစ်လကိုတစ်ကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် အများဆုံး ၃ လကို တစ်ကြိမ် ၃ လစာရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိတို့ မိသားစုဝင်တွေထံ ဒါမှမဟုတ် မိခင်နိုင်ငံရှိ မိမိရဲ့ ဘဏ်စာရင်းကို လွှဲပြောင်းပေးပို့ရမှာဖြစ်တယ်လို့ဆိုပါ တယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကတစ်ဆင့် ပြည်ပနိုင်ငံတွေကိုသွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ တရားဝင်ငွေလွှဲပေးပို့ထားတဲ့ အထောက်အထားတွေကို မိမိကိုတာဝန်ယူစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေထံမပျက်မကွက် မိတ္တူပေးပို့ရမှာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေအနေနဲ့ မိမိစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေက လစဉ်လွှဲပို့တဲ့ အထောက်အထားတွေကို အလုပ်သမားဝန်ကြီးဌာနကို လချုပ်အဖြစ် အထောက်အထားတွေနဲ့ ပူးတွဲပြီး မပျက်မကွက် တင်ပြရမှာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာအရသိရပါတယ်။
ဒါ့ကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ဖို့ ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ထွက်ခွာမှု ကာလအကန့်အသတ်နဲ့ပိတ်ပင်တာ၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြုတာ၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုတာ စတာတွေအပြင် လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့လည်း မိသားစုလွှဲပို့ငွေတွေကို တရားမဝင်ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူတွေကတစ်ဆင့် ငွေလွှဲပြောင်းပေးပို့တာမပြုကြဖို့နဲ့ တရားဝင်လမ်းကြောင်းတွေကသာလွှဲပြောင်းပေးပို့ကြရမှာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါတယ်။