ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့“သက္ကရာဇ် (၂၀၃၀) ပြည့်နှစ်မှာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ လုံးဝမရှိစေရေး” ရည်မှန်းချက် ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းကပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုထည့်သွင်းပြော ကြားခဲ့တာပါ။
အဲဒီလိုဆောင်ရွက်ရာမှာ ဝန်ကြီးဌာန တစ်ခုတည်း၊ အဖွဲ့အစည်း တစ်ခုတည်းအားနဲ့ဆောင်ရွက်လို့ အောင်မြင်နိုင် မှာမဟုတ်ဘဲ နှီးနွယ်ဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကပါ တစ်ခုတည်းသော ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆောင်ရွက် သွားကြရေးအတွက် ရည်ရွယ်ပြီးဆွေးနွေးတိုင်ပင်နိုင်စေရေးအတွက် အခုလို အစည်းအဝေးကို ကျင်းပရတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ခွေးရူးပြန်ရောဂါဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဟာ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရာမှာ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းကလည်း ခွေးကိုက်ခံရမှုအဖြစ်များတဲ့ ဒေသတွေမှာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို Campaign အသွင်နဲ့ စနစ်တကျ ပေါင်းစပ်ဆောင် ရွက်ဖို့၊ သက်ဆိုင်ရာကဏ္ဍစုံ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး လက်တွေ့လုပ်ဆောင်နိုင်မယ့် ခွေးရူးပြန် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက် မှုစီမံချက်တွေ ရေးဆွဲသွားဖို့တို့ကို ဆွေးနွေးပြောကြားခဲ့ တယ်လို့သိရပါတယ်။