လက်ရွေးစင်အဖြစ်ကနေ ကွင်းလယ်လူ ဂန်ဒိုဂန်အနားယူသွားပြီးနောက် ဂျာမနီလက်ရွေးစင်အသင်း ခေါင်းဆောင် အဖြစ် ကွင်းလယ်လူ ကင်မစ်ချ်ကို ရွေးချယ်လိုက်တယ်လို့ ဂျာမနီအသင်းနည်းပြ နာဂယ်စ်မန်းက စက်တင်ဘာလ ၂ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဂန်ဒိုဂန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်း အတွက် ပွဲစဉ် ၅ ပွဲလုံးကို ပါဝင်ကစားခဲ့ပြီးနောက် လက်ရွေးစင်အဖြစ်ကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ကင်မစ်ချ်ကတော့ ၂၀၁၆ ခုနှစ်မှာ ဂျာမနီလက်ရွေးစင်အဖြစ် စတင်ပွဲထွက် ကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၉၁ ပွဲအထိ ကစားပေးထားတာ ဖြစ်ပါတယ်။
ညာနောက်ခံလူ အဖြစ်ရော ကွင်းလယ် ကစားသမားအဖြစ်ပါ ကစားနိုင်စွမ်းရှိတဲ့ ကင်မစ်ချ်ဟာ ဂျာမနီထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာလည်း အားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ် ကစားပေးနေပါတယ်။
နည်းပြ နာဂယ်စ်မန်းဟာ လက်ရွေးစင် အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်တွေအဖြစ် နောက်ခံလူ ရူဒီဂါနဲ့ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်တို့ကိုလည်း ရွေးချယ်သွားခဲ့ပါတယ်။
ဂျာမနီအသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဘော့စနီးယား၊ နယ်သာလန်အသင်းတွေနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။