အင်တာမိုင်ယာမီအသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က လက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ စက်တင်ဘာလ(၂)ရက်က တရားဝင် ကြေညာခဲ့ပါတယ်။
အသက်(၃၇)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွာရက်ဇ် ဟာ ပြီးခဲ့တဲ့(၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် အခုအချိန် မှာတော့ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။
လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်ဖို့က မလွယ်ကူပေမယ့် အနားမယူခင်အထိ အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားသွားမယ်လို့ ဆွာရက်ဇ်က ပြောကြားခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာမလို့ စက်တင်ဘာလ(၇)ရက်နေ့မှာ ကစားမယ့် ပါရာဂွေးအသင်းနဲ့ (၂၀၂၆)ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်က နိုင်ငံကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းကို (၂၀၀၇)ခုနှစ်မှာကတည်းက စတင်ကာ အခုအချိန်ထိ ကိုယ်စားပြုကစားခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၂)ပွဲ မှာ (၆၉)ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ အခုအချိန်မှာ အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ မက်ဆီ၊ ဘက်စကွက်စ်၊ အယ်ဘာတို့နဲ့အတူ အင်တာမိုင်ယာမီ အသင်းမှာကစားနေပြီး အင်တာမိုင်ယာမီအသင်းက သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအသင်းဖြစ်တယ်လို့ ပြောကြားထားသူလည်း ဖြစ်ပါတယ်။